Sydney Morning Herald op-ed on Sean, by Melissa Crouch of UNSW (English and မြန်မာစာ)

By Melissa Crouch, originally published in the Sydney Morning Herald (click here for full article)

A year on, Australia’s most unlikely political prisoner remains in jail

It has been one long year since Australian academic and economist Sean Turnell was arrested by Myanmar’s military regime. Economics adviser to Aung San Suu Kyi and associate professor at Macquarie University, Turnell remains under detention in Myanmar.

The military coup has returned the country to the horrors of direct military rule, including war, targeted and random violence against both political opponents and ordinary citizens, arbitrary detention, torture and grave economic and social instability.

On February 1, 2021, after learning of the coup, I messaged Turnell via Facebook to check if he was safe. He responded: “I am in Myanmar, Melissa. Internet just came up. Keeping low. Many friends arrested.” He was referring to the arrest of Suu Kyi and other senior members of the then civilian government, with whom he had worked closely.

I told him to contact me if I could do anything. I desperately called other Burmese friends that day. I told them to make sure their families were safe and if they were at risk to plan to get out of the country as quickly as possible. COVID-19 travel restrictions and lack of access to vaccination at that time meant that leaving the country quickly was difficult.

(Story continued on the Sydney Morning Herald—click here for full article)

Burmese translation of full article (translated by Samuel Hmung):

မြန်မာနိုင်ငံက သြစတြေးလျနိုင်ငံရဲ့ လုံးဝမဖြစ်သင့် မဖြစ်ထိုက်တဲ့ နိုင်ငံရေးအကျဉ်းသား- Sean Turnell

[နောက်ဆုံးဗားရှင်း SMH]

သြစတြေးလျ ဘောဂဗေဒပညာရှင် Sean Turnell ကို မြန်မာစစ်အစိုးရက ဖမ်းဆီးခဲ့တာ တစ်နှစ်ကျော် ကြာခဲ့ပီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးနှင့် Macquarie တက္ကသိုလ်၏ တွဲဖက်ပါမောက္ခ Sean သည် မြန်မာနိုင်ငံတွင် ယနေ့အထိထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုက စစ်ပွဲများ၊ နိုင်ငံရေးပြိုင်ဘက်များနှင့် သာမန်ပြည်သူများကို ရည်ရွယ်ချက်ရှိရှိသာမက ကြုံရာကျပန်း အကြမ်းဖက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စီးပွားရေးနှင့် လူမှုရေး မတည်ငြိမ်မှုများအပါအဝင် စစ်အုပ်ချုပ်ရေး၏ ကြောက်မက်ဖွယ်ဆိုးယုတ်သောအခြေအနေများကို ပြန်လည်အသက်သွင်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့က အာဏာသိမ်းကြောင်း သိရှိပြီးနောက်မှာ Sean ဘေးကင်းရဲ့လား ဆိုပြီး Facebook ကတစ်ဆင့် ကျမ စာတိုပေးပို့လိုက်တော့ Sean က “ကျွန်တော် မြန်မာပြည်မှာရှိနေတယ် ​​Melissa။ အင်တာနက်က အခုမှရတယ်။ တိုးတိုးတိတ်တိတ်နေနေတယ်။ သူငယ်ချင်းတော်တော်များများ အဖမ်းခံလိုက်ရပီ။“ ဆိုပြီး စာပြန်ခဲ့ပါတယ်။ သူက သူနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်နေခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီတုန်းက အရပ်သားအစိုးရရဲ့ အကြီးတန်းအဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့ရတာကို ရည်ညွှန်းတာဖြစ်ပါတယ်။

ကျွန်မအနေနဲ့ ကူညီနိုင်တာရှိရင် ဆက်သွယ်ဖို့ သူ့ကိုပြောခဲ့ပါတယ်။ အဲဒီနေ့က တခြားမြန်မာသူငယ်ချင်း တွေကိုလည်း ကျွန်မ အသည်းအသန်ဖုန်းခေါ်ဆိုခဲ့ပါတယ်။ သူတို့မိသားစုတွေ ဘေးကင်းစေဖို့နဲ့ အန္တရာယ်ကြုံလာရင် တိုင်းပြည်ကနေ အမြန်ဆုံးထွက်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီကာလက COVID-19 ဆိုင်ရာ ခရီးသွားလာမှုကန့်သတ်ချက်များနဲ့ ကာကွယ်ဆေးထိုးရန် အခက်အခဲများ ရှိနေတာကြောင့် နိုင်ငံက အလျင်အမြန်ထွက်ခွာဖို့ လွန်စွာခက်ခဲခဲ့ပါတယ်။

အာဏာသိမ်းမှု ပထမရက်သတ္တပတ်အတွင်းမှာ အကြမ်းဖက်မှုတွေမရှိပေမဲ့လည်း သတင်းအချက်အလက် စီးဆင်းမှုခက်ခဲခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ Sean ကို ကျွန်မ စာပို့ခဲ့ပါတယ်။ ဖေဖေါ်ဝါရီ (၆) ရက်နေ့ မှာတော့ သူ ရန်ကုန်မှာ အဖမ်းခံလိုက်ရပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုနဲ့ ရှည်ကြာတဲ့ စစ်အုပ်ချုပ်ရေး သမိုင်းကြောင်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူတိုင်းက စစ်တပ်ရဲ့  ဦးစားပေး ပစ်မှတ်များထဲမှာ ပါဝင်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုရဲ့ အတိုင်းအတာနဲ့ ပြင်းထန်မှုကို အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမှု မရှိတော့ရင်တောင်မှ စစ်တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နံပါတ်တစ်ပြိုင်ဘက်အဖြစ် ရှုမြင်နေဆဲဘဲ ဖြစ်ပါတယ်။

စစ်တပ်က နိုင်ငံခြားသားတွေကို ဓားစာခံလုပ်တတ်တဲ့ ရာဇဝင်မရှိသော်လည်းဘဲ Sean ရဲ့ အလုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လူအဖြစ် မြင်သာစေတာကြောင့် သူ့အတွက် အန္တရာယ်ကြီးကြီးမားမား ရှိနေတာဖြစ်ပါတယ်။ သြစတြေးလျအစိုးရအနေနဲ့ Turnell ကို မြန်မာနိုင်ငံအတွင်းမှ အမြန်ကယ်ထုတ်ရန် ပျက်ကွက်ခဲ့ပါတယ်။ ရလဒ်ကတော့ သူဟာ သြစတြေးလျနိုင်ငံရဲ့ လုံးဝမမျှော်လင့်ထားတဲ့ မဖြစ်သင့်တဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် မြန်မာနိုင်ငံမှာ ရှိနေရခြင်းဖြစ်ပါတယ်။

Sean က အလွန်အကောင်းမြင်စိတ်ရှိသူ၊ စိတ်အားထက်သန်လွန်းသူ၊ နွေးထွေးမှုရှိသူအဖြစ် လူသိများ ပါတယ်။ စစ်တပ်ရဲ့ ကျယ်ပြောတဲ့ အခန်းကဏ္ဍများကြောင့် နိုင်ငံဟာ ကြီးမားတဲ့ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသော်လည်းဘဲ သူအနေနဲ့ မြန်မာပြည်သူများရဲ့ အလားအလာရှိမှုကို ယုံကြည်လက်ခံထားတဲ့သူ ဖြစ်ပါတယ်။ သူရဲ့ ပင်ကိုယ်သဘောသဘာဝအကြောင့် လူအများက သူ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်ကြပါတယ်။ သူဟာ ထူးချွန်တဲ့ ဆရာတစ်ဦး၊ ထူးချွန်ထက်မြက်တဲ့ ပညာရှင်တစ်ဦးဖြစ်ပြီးတော့ သူရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘောဂဗေဒပညာရပ်ဆိုင်ရာ လေ့လာမှုများ ပံပိုးကူညီမှုများကြောင့် ထင်ပေါ် ကျော်ကြားသူတဦးဖြစ်ပါတယ်။ သူရဲ့ လတ်တလော သုတေသနပြုချက်များထဲက တခုကတော့ ကမ္ဘာကျော် မြန်မာ့ဂန္တဝင် စီးပွားရေးပညာရှင် ဦးလှမြင့် (၁၉၂၀-၂၀၁၇) ရဲ့ အရေးပါသော ကိုယ်ရေးအကျဉ်းဖြစ်ပါတယ်။

Turnell ရဲ့ စာအုပ်စာတမ်းများက စစ်အုပ်ချုပ်ရေးအောက်မှာ မြန်မာ့စီးပွားရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ ပြိုကျပျက်စီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ကနေ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲခဲ့တဲ့ အထူးသဖြင့် ၂၀၁၂ နောက်ပိုင်းကာလအထိ အကြောင်းအရာများ ပါဝင်ပါတယ်။ ၂၀၁၁ ခုနှစ်မှစပြီး အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဖြစ်လာသည့် ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ပြည်တွင်းစီးပွားရေးပညာရှင်များ၊ နိုင်ငံရေးသမားများနဲ့အတူ စီးပွားရေးပြန်လည်တည်ဆောက်နိုင်ဖို့ သူမမောမပန်းအလုပ်လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ အကြံပေးအဖြစ် အချိန်ပြည့် တာဝန်ထမ်းဆောင်ဖို့ သူရဲ့ တက္ကသိုလ်က ပညာရေးရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ မြန်မာနိုင်ငံကို သူရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက စည်းလုံးညီညွတ်ပြီး ဆန်းသစ်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြတော်လှန်မှုများကို စတင်ခဲ့ကြတာဖြစ်ပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) အတွက် လူများစွာ အနစ်နာခံခဲ့ကြပါတယ်။ တချို့က ဆန္ဒပြတဲ့ပုံစံနဲ့ အလုပ်ကနေ နှုတ်ထွက်ခဲ့ကြ ပါတယ်။ အနည်းဆုံး ပြည်သူ ၁၄၉၉ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ အချက်အလက်အရ သိရှိရပါတယ်။

မြို့ပြစစ်ပွဲများက မန္တလေးနှင့် ရန်ကုန်ကဲ့သို့ အဓိကအချက်အချာကျတဲ့ မြို့များအပါအဝင် မြို့ကြီးများနှင့် ဒေသအများအပြားကို ထိခိုက်ပျက်စီးစေပါတယ်။ စစ်တပ်က ချင်းပြည်နယ်မှ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အထိ နယ်စပ်ဒေသအများအပြားနှင့် စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့သော အလယ်ပိုင်း ဒေသများမှာလည်း တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်လျက်ရှိပါတယ်။ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့၊ အရပ်သားများကို သေဒဏ်ချမှတ်ဖို့နဲ့ စစ်တပ်ကို ဆန့်ကျင်တယ်လို့ စွပ်စွဲခံရသူများရဲ့ ကလေးသူငယ်များ သို့မဟုတ် မိသားစုဝင်များကိုလည်း ဖမ်းဆီးထိန်းသိမ်းဖို့ စစ်တပ်က တုံ့ဆိုင်းခြင်း မရှိပါဘူး။

နိုင်ငံရဲ့ စီးပွားရေးက (၂၀) ရာခိုင်နှုန်းနီးပါး ကျုံ့သွားတာကြောင့် လူနေမှုစရိတ်တွေ မြင့်တက်လာပါတယ်။ ဒါကြောင့် လူတိုင်းအတွက် အထူးသဖြင့် အဆင်းရဲဆုံးသူတွေအတွက် နေ့စဉ်ဘဝက သိသိသာသာ ခက်ခဲလာပါတယ်။ စစ်အုပ်ချုပ်မှုအောက်မှာတော့ COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါက သူတို့တွေအတွက် ဒုတိယဦးစားပေးသာ ဖြစ်နေပါတော့တယ်။

Sean ဟာ အကျဥ်းချခံထားရတဲ့ လူပေါင်း ၈၇၈၉ ဦးအနက် တစ်ဦးဖြစ်ပါတယ်။ ပြဿနာကတော့ သူ့ရဲ့ အမှုက အလားတူရုံးတင်စစ်ဆေးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာနှင့် ဆက်စပ်နေတာ ဖြစ်ပါတယ်။ Turnell ကို တရားစွဲဆိုထားတဲ့အမှုထဲမှာ နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေနဲ့ စွဲချက်တင်ထားတာပါဝင်နေပေမဲ့လည်း ကိစ္စတော်တော်များများမှာ ဘာအမှုနဲ့ တရားစွဲထားလဲဆိုတာ သိပ်အရေးပါအရာရောက်တဲ့ အရာတော့မဟုတ်ပါဘူး။ နိုင်ငံရေးအမှုများရဲ့ ထုံးစံအတိုင်း သူ့ကို တစုံတရာအပြစ်ရှိတယ်လို့ ဆုံးဖြတ်ပါလိမ့်မယ်။

မြန်မာပြည်သူပြည်သားများကြုံတွေ့နေရတဲ့ ကြီးမားတဲ့ပြဿနာများအကြောင်း သူအဖမ်းခံရခြင်းက  အစဥ်အမြဲ သတိပေးနေပါတယ်။ စစ်အုပ်ချုပ်ရေးအဆုံးသတ်ဖို့ လုပ်ဆောင်နေတဲ့ ဒီမိုကရေစီလိုလားတဲ့ အရပ်သားဦးဆောင်တဲ့ အိမ်နီးချင်းနိုင်ငံများကို ဩစတြေးလျအစိုးရအနေနဲ့ မဖြစ်မနေ ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နှုတ်ဆိတ်နေတာ တုံ့ပြန်ဆောင်ရွက်ခြင်းမရှိဖြစ်နေတာတွေကို ရပ်တန့်ဖို့ လိုနေပါပီ။ အစိုးရအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အဆင့်များစွာရှိပါတယ်။ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများ၊ သြစတြေးလျတွင် ပိတ်မိနေတဲ့ မြန်မာများအတွက် ဗီဇာထုတ်ပေးခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာဖိုရမ်များတွင် စစ်အုပ်စု၏တရားဝင်မှုကို ငြင်းပယ်ခြင်း၊ အရပ်သားအုပ်ချုပ်ရေးကို ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အဓိကဒီမိုကရေစီအင်အားစုအဖြစ် တက်ကြွစွာ ထောက်ခံအားပေးခြင်းတို့ဖြစ်ပါတယ်။

Turnell လွတ်မြောက်ရေးအတွက် ဩစတြေးလျအစိုးရအနေနဲ့ ပိုမိုဖိအားပေးလုပ်ဆောင်ဖို့လိုပါတယ်။ သူ့ရဲ့ တရားခွင်ပြီးဆုံးတာနဲ့ တပြိုင်နက်တည်း ပုံမှန်အစုလိုက်အပြုံလိုက် အကျဉ်းသားလွှတ်ပေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Sean ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စစ်အစိုးရအပေါ် သံတမန်ရေးရာ ဖိအားပေးခြင်းက အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ Sean ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ကျွမ်းကျင်မှုဆိုင်ရာ နက်ရှိုင်းတဲ့ ကတိကဝတ်များကြောင့် သူဟာ လုံးဝမဖြစ်သင့် မဖြစ်ထိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။ အကြောင်းအရာများစွာအနက် Sean Turnell ဖမ်းဆီးခံထားရမှုက သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ရဲ့ မတရားအာဏာရယူရန် လုပ်ဆောင်နေမှုကို ဘာကြောင့် ဆန့်ကျင်သင့်သလဲဆိုတာ အမြဲသတိပေးလျက်ရှိနေပါတယ်။

Melissa Crouch သည် University of New South Wales မှ ပါမောက္ခတစ်ဦးဖြစ်သည်။

Previous
Previous

Ha Vu gives statement to the ABC to mark a year since Sean’s imprisonment

Next
Next

Australian academics’ joint statement on the coup (English and မြန်မာစာ)